မမေးခင် စဉ်းစားပါ။ မဖြေခင်စဉ်းစားပါ။ မပြောခင်စဉ်းစားပါ။ ပြောပြီးလျှင် ပြင်၍မရ။
    
      လူပုဂ္ဂိုလ်တစ်ဦးဦးနှင့် တွေ့ဆုံသောအခါ ကိုယ့်အဖို့ရော၊ သူ့အဖို့ပါ မနှစ်မြို့စရာ ခံစားချက်မျိုး မကျန်ရစ်စေရန် ကြိုးစားပါ။
    
      လူတစ်ယောက် (သို့) အဖွဲ့စည်းတစ်ခုရဲ့အကြောင်းကို အကောင်းပြောစရာမရှိလျှင် ဘာမှမပြောတာ အကောင်းဆုံး။
    
      သူတပါးစကားကို အာရုံစိုက်နားထောင်ပါ၊ တစ်ဖက်သား စိတ်ဝင်စားမယ့် အကြောင်းရပ်ကိုပြောပါ၊ အရေးမကြီးသည့် အသေးစိတ်များကို ထည့်မပြောပါနှင့်။ 
    
      စကားတစ်လုံး ထပ်တလဲလဲ မသုံးမိအောင် ရှောင်ကြည်ပါ၊ သူတပါးစကား ကြားဖြတ်မပြောနှင့်။
    
      စကားကို အတိုင်းအဆနှင့်သာ ဆင်ဆင်ခြင်ခြင် ပြောသင့်သည်။ အလျှင်စလို ပြောခြင်းသည် အမှားများ၍ ဆင်ခြင်သင့်ပါသည်။ နေ့စဉ်သုံး စကားများကိုပင် အလျှင်စလို မပြောမိအောင် သတိထားသင့်သည်။
    
      စကားဝိုင်းတွင် အလုအယက် ပြောတတ်သူများသည် သူတပါးထံမှ အကြံကောင်း၊ ဥာဏ်ကောင်း၊ အချက်အလက်ကောင်းများကို ရနိုင်သော အခွင့်အလမ်း ဆုံးရှုံးသည်။
    
      စကားများများပြောသူကို လူအထင်သေးသည်။
    
      အသေအချာမသိသော အကြောင်းအရာကို မပြောပဲနေသည်က ပိုကောင်းသည်။
    
      ဒေါသထွက်လာလျှင် ဒေါသအရှိုန်မတက်မှီ ဘုရားဂုဏ်တော်ကို ကြည်ညိုရိုသေစွာ အာရုံပြုလိုက်ပါ။
    
      အခါအားလျှော်စွာ ချီးမွမ်းစကားပြောဆိုပါ။
    
      ပညာရှိတို့သည် အချင်းချင်း ချီးကျူးနေကြသည်။
    
      ချီးကျူးစကားသည် ပေါင်းသင်းဆက်ဆံကိုလည်း အဆင်ပြေချောမွေ့စေသည်။ ချီးကျူသူကို ချီးကျူးခံရသူက ခင်မင်နှစ်လိုသည်။
    
      ချီးမွမ်းစကားသည် လူ၏နှလုံးသားအတွက် နေရောင်ခြည်နှင့်တူသည်။ ချီးမွမ်းစကားမကြားရဘဲ နှလုံးသားသစ်ပင် မရှင်သန်နိုင်။
    
      အဆွေခင်ပွန်းချင်းရင်းနှီးစွာဖြင့် ချီးမွမ်းစကားတွေ အပြန်အလှန် ပြောကြဆိုကြတာဟာ ပျော်စရာကစားနည်းတစ်မျိုးပဲ။
    
      လောလောဆယ် သင်တွေ့ဆုံနေရသည့် လူတွေအကြောင်း တစေ့တစောင်း သိထားဖူးသည်ဆိုက၊ ၎င်းလူနှင့်ပတ်သက်သည့် ချီးမွမ်းစရာအချက် တစ်စုံတစ်ရာကို ရည်ညွန်းကာ စကားစတင်မည်ဆိုက အဆင်ပြေနိုင်သော သဘောရှိသည်။
    
      သူဘာစိတ်ဝင်စားလဲ သိအောင်စူးစမ်း၊ သဲလွန်စရှာ၊ လူတိုင်းလူတိုင်းဟာ တစ်ခုခုမှာတော့ ကျွမ်းကျင်သူချည်းပဲ၊ အရေးကြီးတာက အဲဒီအချက်ကို နိုက်မိဖို့ပဲ၊ စမ်းကြည့်ပါလား။
    
      မကူညီနိုင်လျှင် မကူညီနိုင်ကြောင်းပြောရန် ၀န်မလေးပါနှင့်။ အလွယ်တကူတာဝန်မခံသင့်။
      မလိုအပ်သော စကားများကို အပိုမပြောမိစေရန်ဆင်ခြင်ပါ။
    
      အပ်ကြောင်းထပ်စကား ခွန်အားမရှိ။
    
     ထောင်တန်တဲ့စကား ရယ်ရင်ပေါ့။ သူ့နေရာနဲ့သူသာ ရယ်စရာပြောသင့်သည်။
    
      သူတပါးကို ထိခိုက်နစ်နာစေသော ဟာသမှန်သမျှ သတိထား၍ရှောင်ရှားပါ။
    
      လူထုပရိသတ်ကို ဟောပြောရာတွင် ရယ်စရာပြောလျှင် ပရိသတ်ရယ်ချိန်မှာ ကိုတိုင်မရယ်မိစေရန် သတိထားပါ။ စကားပြောရင်းမရယ်သင့်ပါ။ ရယ်ရင်းနှင့်လည်း စကားမပြောသင့်ပါ။
    
      အလွန်ရင်းနှီးသော မိတ်ဆွေများနှင့် ဆက်ဆံမှုတွင် လွတ်လပ်မှု လွန်ကဲလာသည့်အခါ ပရမ်းပတာတွေဖြစ်လာပြီး ဒုက္ခရောက်တက်ပါသည်။
    
      မိတ်ဆွေတွေကို မိမိ၏ အတွင်းရေးများကို မိမိဘာသာ အလွန်အကျွန်ဖွင့်ပြောမိလျှင် နောင်ကျမှ တစိမ့်စိမ့်တွေးကာ အဲသည်လူကို မကျေနပ်သလိုလို၊ ရှက်သလိုလို၊ မကျေနပ်ချင်သလိုလို ခံစားရတက်သည်။
    
      ဧည့်ခံပွဲတွေမှာ လူတိုင်းက ကိုယ့်လိုပဲ ဘာလုပ်ရမှန်းမသိ ကသိကအောက် ဖြစ်နေကြတာ၊ အဲဒီချိန် လူတစ်ယောက်ကို ဖမ်းနုတ်ဆက်လိုက်၊ အဲသည်လူ ၀မ်းသာသွားလိမ့်မယ်။
    
   
                                                 /~~မေခ~~/
Wednesday, 28 May 2008
အလိမ္မာ .... စာမှာရှိ
Subscribe to:
Post Comments (Atom)




1 comment:
မေခ နင်နဲ့ ပြန်တွေ့ရလိမ့်မယ်လို့ ငါမထင်ထားမိဘူး ..။ ငါတို့တွေက အလုပ်ကိုယ်စီနဲ့ဆိုတော့ အဆက် အသွယ်တွေ ပြတ်သွားကြတာပေါ့ ..။
ငါ့အကောင့်က mpyaesone@gmail.com .../ facebook လည်း ဒီအကောင့်ဘဲ
Post a Comment